လူနာတစ်ယောက်အကြောင်း - လှသန်း Luu Nar Ta Yout Akyaungg - Hla Than

Поделиться
HTML-код
  • Опубликовано: 8 окт 2024
  • လူနာတစ်ယောက်အကြောင်း
    ------------------------------------------
    သူငယ်ချင်းရေ ...
    မင်းနဲ့ ငါ
    လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမက
    လက်ဖက်ရည်ဆိုင် ထိုင်ကြ
    စကားလုံးတွေ ထွေးထုတ်ကြ
    သီချင်း နားထောင်ကြ
    ရှေ့က ဖြတ်သွားတဲ့ လှုပ်လီလှုပ်လဲ့မတွေကို ငေးကြ
    'တို့ မရောက်သေးတဲ့ အမြင့်တစ်နေရာကနေ
    သူတို့ကိစ္စတွေကို ငုံကြည့် ရယ်မောလို့ '။
    ခုတော့....
    တောင်မင်း မြောက်မင်းမကယ်နိုင်တဲ့ ဘဝမျိုးမှာ
    ဘာလို့များ သက်ဆိုးရှည်နေသလဲ
    ကြည့်စမ်း ဓားရိုးကလည်း
    သူခိုး လက်ထဲမှာ
    ဘာတတ်နိုင်မှာလဲ
    တွေးမိရင် အရိုးနာစရာများ
    စာအုပ်ကြားညှပ်
    အမှတ်တရပေါ့
    အော့နှလုံးနာစရာ နှစ်ကာလများထဲမှာ
    ပေါက်လွှတ်ပဲစား ကြီးပြင်းခဲ့
    ကလိမ်ကကျစ် လုပ်တတ်တဲ့
    (တစ်ခါတလေ) ညစ်တီးညစ်ပတ် ကိစ္စတွေက
    ထွက်ပေါက်ဖြစ်နေတတ်ပြန်ရော ။
    အဖေရေ...
    'အဖေ'နဲ့'ကျွန်တော်' ယှဉ်ရင်
    ကျွန်တော် ရှုံးပါတယ်
    'ကျွန်တော်' နဲ့ 'အဖေ'ယှဉ်ရင်
    အဖေ ရှုံးပါလိမ့်မယ်
    မသေချာမှု မှန်သမျှဟာ
    စိတ်ကိုလာဆွနေတဲ့ အပ်ချွန်ချွန်တွေ
    မိဘ၊ ညီအစ်ကို မောင်နှမ
    မတော်တဆ ဆက်နွှယ်မှု အခိုက်အတန့်
    ဘာပြုလို့ အတ္တကြီးချင်သတုံး
    စိတ်ကြီးဝင်တယ် ဆိုဆို
    သူရဲဘောကြောင်တယ် ပြောပြော
    ကိုယ့်ရောဂါ ကိုယ်သာသိရဲ့
    လွဲမှားတဲ့ ကုထုံးတွေနဲ့
    ပြုံးပျော်နေရမှာလား ။
    ငှက်ဖျားငန်းဖမ်း
    ကိုယ့်ဇာတ်လမ်း ကိုယ်မနိုင်
    အဲသလို နိုင်ငံရေးမျိုးလည်း ကြုံခဲ့ဖူးတယ်
    'ခွေးရူးကောင်းစား တစ်မွန်းတည့်'
    ဒီစကားကို ယုံကြည်ဆဲ
    အုတ်ခဲသယ်နေတဲ့ အစ်မကြီးရေ ...
    ခင်ဗျားနဖူးက ချွေးက
    ကျွန်တော့်အတွက် အားဆေးပါပဲ ။
    ခုဆို
    ဘဝကလည်း ယိုင်နဲ့နဲ့
    ဘယ်တော့များ ဘုန်းဘုန်းလဲကျမလဲ
    ကိုယ့်ဟာကိုယ်ပဲ ကြိုတင်လှဲချမလား
    အို... တဲတဲလေး ကာလထဲမှာ
    အမှားတွေလည်း ထားလိုက်တော့
    အမှန်တွေလည်း ချန်လိုက်တော့
    ငှက်သိုက်ဟာ အတွေးအဆောက်အအုံ
    ခင်ဗျားလည်း တစ်စုံတစ်ယောက်နဲ့
    ဆွေးနွေးဖူးမှာပါ ။
    တစ်ခါတစ်ခါကျတော့
    ကိုယ့်ပျော်ရွှင်မှု ကိုယ်ရွံမုန်း
    မနက်တုန်းက စေတနာ မေတ္တာ
    ညနေကျတော့ မသမာမှုတွေဖြစ်
    ပြဿနာဖြစ်လာရင်
    ခေတ်ကို အပြစ်ပုံချရုံပဲ
    ဒီ့ထက်လုံခြုံတာ ဘာရှိသေးလို့လဲ ။
    အေးလေ... အရာရာဟာ
    ဖာဆန်ဆန် ဖြစ်ကုန်ပြီပဲ
    ဂုဏ်ယူချင်လည်း ယူကြပေတော့ ။
    ညစ်ညမ်းတဲ့ မန္တရားတွေကြောင့်
    ယန္တရားဆန်တဲ့ အဖြစ်
    အဲဒီခေတ်ရဲ့ လှောင်အိမ်ထဲမှာ
    နာမည်မပေးဖြစ်တဲ့ ခွေးဝဲစားတစ်ကောင်
    ပျက်ကျသွားတဲ့ ကလေးတစ်ထောင်
    မှောင်နဲ့မည်းမည်း
    တွန့်လိမ်နေတဲ့ လေပြင်းထဲကို
    အသည်းကွဲရခြင်းတစ်ပုဒ် ထိုးသွင်း
    ထင်းတစ်ချောင်းလောက်သာ တာဝန်ကျေခဲ့ ။
    ဪ၊ သေမင်းကြီးရယ်
    ခင်ဗျား ကျုပ်ဆီ မလာလည်း
    ကျုပ်က ခင်ဗျားဆီ လာရမှာပါ
    ဒါဟာ အသေချာဆုံးလို့ ဆိုကြတာပဲ
    ကဲ ... ညီလေး ညီမလေးတို့ရေ
    တို့တိုင်းပြည်ကြီးကတော့
    ကံခေပေမဲ့
    ချစ်စရာကောင်းနေသေးရဲ့။။
    #လှသန်း #လူနာတစ်ယောက်အကြောင်း

Комментарии • 4

  • @manway3078
    @manway3078 2 дня назад +1

    သတိရတယ်လှသန်းရေ

  • @robertmaung
    @robertmaung Год назад +1

    လှသန်းရေ သတိရတယ်

  • @Ah-qiKhun
    @Ah-qiKhun 3 месяца назад

    I love it...

  • @ShweSan-p1x
    @ShweSan-p1x 10 месяцев назад

    ကံမကောင်းအကြောင်းမလှလို့
    ဝေး ဝေး ဝေး ကိုရှောင်နေကြ သူများ