သိန်းစွန်ငှက် အပြန်လမ်း − ပိုင်စိုးဝေ အသံရွတ်ဖတ်မှုအပိုင်း ( ၃ )

Поделиться
HTML-код
  • Опубликовано: 5 фев 2025
  • 🛑 People's Radio Myanmar က အပတ်စဉ်တင်ဆက်နေကျ ကဗျာဆရာ ယောနသံ ရဲ့ ကဗျာစက်ဘီး ကဗျာအစီစဉ် - ၃၄ 🛑
    သိန်းစွန်ငှက် အပြန်လမ်း − ပိုင်စိုးဝေ
    အသံရွတ်ဖတ်မှုအပိုင်း ( ၃ )
    အမေရေ …….
    ကြေးစည်ကိုရိုက်နှက်နေကြပေါ့
    လှည်းဘီးကို သူတို့ တွန်းကြပေါ့ ။
    အမေခေါင်းချခဲ့တဲ့
    တဲကလေးဟာ
    အမေ့ ရွာနဲ့ အလှမ်းဝေးပေမယ့်
    သည်တောသည်တောင်ကြား
    အမေကို
    တစ်ယောက်တည်း မထားရက်ပါဘူး အမေ ။
    အမေ့အမေ ကျွန်တော် အဘွား
    ကျွန်တော်အဘွားရဲ့ အမေ့အမေ စတဲ့
    ဆွေမျိုးတော်စပ်သူရော မတော်သူပါ
    တစ်ရွာလုံးနောက်ဆုံး စုဝေးရာ
    ဟောဟို ဇရပ်အိုအိုရဲ့
    သုဿာန်ဆိုတဲ့ နေရာရောက်အောင်
    အမေ့ကို
    ကျွန်တော်တို့ ပို့ မှာပေါ့ ။
    လမ်းက ကြမ်းလိုက်တာအမေ
    တောင်ကမူကျတ်တီးကြား
    နှစ်တွေများစွာရေတိုက်စားမှုနဲ့
    ပျက်လုလု လှည်းလမ်းပေါ်မှာ
    အမေ့ခေါင်းဟာ ၊ လှုပ်ယမ်းလှချည့်
    ဖြည်းဖြည်း … ဖြည်းဖြည်း ……..
    ဆူးကိုင်းတွေဘေးဖယ်
    မျက်နှာကို ခြစ်မိကြဦးမယ်။
    ဟိုသုဿာန်ကိုရောက်တဲ့ခါ
    ဘုန်းကြီးတွေက
    သရဏဂုံကို ရွတ်ဖတ်
    ကျွန်တော့် လက်နဲ့ ရေစက်သွန်းချ အမျှဝေ
    အမေ ကောင်းရာသုဂတိလားပါစေလို့
    ကျွန်တော် အမျှဝေမယ်
    ကျွန်တော့် ကိုယ်ပေါ်မှာ
    ဖုန်တွေပေကပ်
    ညစ်ပတ်နေမလားဘဲ။
    မန္တလေးက မိတ္ထီလာ
    မလှိုင် ပန်းအိုင်တစ်လမ်းလုံး
    ဖုန်လုံးကြီးထဲ ဖြတ်ခဲ့ရ
    အခုလည်းပဲ ဖုန်လုံးကြီးထဲမှာ ။
    ဖုန်တွေ ပေကပ် ညစ်ပတ်နေမလားဘဲ။
    ဟိုသုဿာန်ကိုရောက်လို့
    ရေစက်သွန်းချ အမျှဝေတဲ့ အခါ
    ငယ်ဆရာ ဘုန်းတော်ကြီး
    ကျွန်တော့် ကိုကြည့်ပြီး
    အံ့သြနေလိမ့်မယ် ။
    ညရောက်တဲ့ အခါ
    ဦးလေးဘယ်နေ့ ပြန်မှာလဲ
    တစ်နှစ်တစ်ခါ ပြန်လာပါနော်
    ကျွန်တော် ကျောင်းဆက်နေချင်တယ်
    ညီမလေးမှာ ဝတ်စရာအင်္ကျီ မရှိတော့ဘူး ။
    ဟောဒီအငယ်မ
    မနှစ်က နှစ်တန်းကျတယ်
    ငါ့မောင်ရယ်
    ဟောဒီကျန်နေတဲ့
    မျက်စိတစ်ဘက်ကလည်း
    ဆရာဝန်က ခွဲရမယ်တဲ့
    အစ်မလည်း ကြောက်တတ်လို့
    ဆေးရုံကို
    နောက်ထပ် မရောက်တော့ပါဘူး
    စတဲ့ … စတဲ့ စကားလုံးတွေကြား
    ကျွန်တော် ဘာများ
    တာဝန်ယူနိုင်မလဲ
    မင်းတို့ အတွက် ၊ ငါ့အတွက်
    အနှစ်သုံးဆယ်လုံးလုံး
    ဦးလေးစဉ်းစားနေတုန်းပဲ
    ဦးလေးဟာ
    စဉ်းစားနေတုန်းပါပဲကွယ် ။
    တစ်စုံတစ်ရာ
    ကတိတွေပေးထားပစ်ခဲ့ပြီး
    နံနက်ခင်းတစ်ခုမှာ
    ငှက်တစ်ကောင်လို ပျံပြေးသွားမယ်။
    ဟိုတစ်ခါက
    အမေ့ကို ထားပစ်ခဲ့သလိုမျိုး
    ” ဟောသည်ကမ္ဘာမြေကြီးရဲ့
    နာမကျန်းမှုတွေကို ဆေးဝါးကုသဖို့
    ကျွန်တော်ကဗျာဆရာ လုပ်ရမယ်
    ကဗျာ ဆရာလုပ်မှ ဖြစ်မယ် အမေ ”
    အဲသလို ဆိုပြီး
    အမေ့ကို ထားပစ်ခဲ့တုန်းက
    ယာခင်းနံဘေး
    တောလမ်းလေးပေါ်မှာ
    မြက်ရိုင်းပင်တွေ ကိုတိုးဖြတ်
    တရှပ်ရှပ်နဲ့ ကျွန်တော့် ဖိနပ်သံတွေ
    ကျန်ရစ်ခဲ့တယ် ။
    ယာခင်းတွေ နောက်မှာချန်
    တောတန်းတွေ ကျန်ရစ်ခဲ့တယ်။
    ကျောက်စရစ်ကုန်းခေါင်
    တလင်းပြောင်မှာ
    ယုန်ထောင် ပတတ်တူး ချိုးတည်
    ငယ်ဘဝတွေ ကျန်ရစ်ခဲ့တယ် ။
    လိမ်လိမ်မာမာနေဖို့
    စကားလုံးတို့ တုန်ခါ
    အမေ့ မျက်နှာပေါ်က
    မျက်ရည်စတွေ ကျန်ရစ်ခဲ့တယ်။
    သူငယ်ချင်းတွေ
    လက်ပြနေဆဲ ၊ ဥသြဆွဲပေါ့ ။
    တရှဲရှဲမြည်လျက် ရထားထွက် ခွာ
    တုန်ခါနေတဲ့ ဓာတ်ကြိုးပေါ်မှာ
    တောကျီးကန်းတစ်ကောင်
    အော်မြည်ရင်း ကျန်ရစ်ခဲ့တယ်။
    ပိုင်စိုးဝေ
    ဧပြီ ၂၃၊ ၂၀၀၉
    ( အစိမ်းရောင်မြစ်သို့ တမ်းချင်း ကဗျာစာအုပ်မှ )

Комментарии •